Game Dev Challenge Press Release – Myanmar

 

ပြည်တွင်းရှိလူငယ်များကိုယ်တိုင် ဂိမ်းများကို ဖန်တီးနိုင်ပြီ

 

ဖန်တီးရာတွင်ပြုလုပ်သည့်  ၉ ရက်တာ Game Dev Challenge ပြိုင်ပွဲကြီးတွင် လူငယ်များ ယှဉ်ပြိုင်ဖန်တီးထားသော ဂိမ်းများကို အများပြည်သူတို့အား ပြသခဲ့ပြီးဖြစ်

 

ရန်ကုန်၊ မြန်မာ – ရန်ကုန်မြို့လယ်ရှိ ဖန်တီးရာတွင် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော ဂိမ်းရေးသား ထုတ်လုပ်မှုပြိုင်ပွဲကြီးဖြစ်သည့် Game Dev Challenge ကို ဒီဇင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၉ ရက်နေ့အထိ ကျင်းပခဲ့ပြီးဖြစ်ပါသည်။  ယခုပွဲကို ဖန်တီးရာတွင် ဒုတိယအကြိမ်မြောက်ပြုလုပ်ခြင်းဖြစ်ပြီး လူငယ် Game Developer ပေါင်း ၁၂၅ ယောက်ကျော်မှ အဖွဲ့ပေါင်း ၂၅ ဖွဲ့ ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။

 

ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် Game Developer များတိုးများလာစေရန်၊ ဂိမ်းများကို ချစ်မြတ်နိုးပြီး Game များကို ဖန်တီးလိုသော အသိုင်းအဝန်းမှ လူကြီးလူငယ်များ အတူတူတွေ့ဆုံနိုင်ရန် နှင့် မြန်မာနိုင်ငံမှ အဆင့်မြင့်သော Game များထွက်ပေါ်လာစေရန်အတွက်ဖြစ်သည်။

 

ယခု Game Dev Challenge ပြိုင်ပွဲကြီးကို ဖန်တီးရာ နှင့် USAID မှ ဦးဆောင်ကျင်းပနေခြင်းဖြစ်ပြီး ဂိမ်းထုတ်လုပ်ရေးနှင့် ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Save in your Brain ၊ (Game Programming, Digital Art နှင့် Game ဒီဇိုင်း သင်တန်းကျောင်းကြီးတစ်ခုဖြစ်သည့် MCTC တို့မှ ပါဝင်ယှဉ်ပြိုင်နေကြသည့် Game ဖန်တီးသူများကို လိုအပ်သည့် နည်းပေးလမ်းညွှန်မှုများ၊ နည်းစနစ်ပိုင်း ဆိုင်ရာ ကူညီမှုများ ဖြင့်ကူညီခဲ့ကြပါသည်။ ထို့အပြင် Hype Energy Drink မှလည်း ပါဝင်ယှဉ်ပြိုင်မည့်လူငယ်များအတွက် အားဖြည့်အချိုရည်များကို ပံ့ပိုးပေးခဲ့ပါသည်။

 

ယခုပြိုင်ပွဲကို အသက် ၁၂ နှစ်မှ ၂၅ နှစ်အတွင်း ဂိမ်းများကို ကိုယ်တိုင် ထုတ်လုပ်ဖန်တီးလိုကြသည့် Developer များ၊ ဂိမ်းဒီဇိုင်နာများ၊ Animation ပြုလုပ်ဖန်တီးသူများ နှင့် အသံပိုင်းဆိုင်ရာ ကျွမ်းကျင်သူများသည် ပြိုင်ပွဲကာလ ၉ ရက်အတွင်း တွေ့ဆုံကာ မိမိတို့နှင့် အသင်းတူသည်ဖြစ်စေ မတူသည်ဖြစ်စေ အချင်းချင်း တွေ့ဆုံကူညီပြီး ဂိမ်းများကို ဖန်တီးနိုင်ရန် အကောင်းဆုံးလုပ်ဆောင်ခဲ့ကြပါသည်။  

 

ယခုပြုလုပ်နေသည့်ပြိုင်ပွဲကြီးနှင့်ပတ်သက်ပြီး ဖန်တီးရာ၏ Accelerator Director ဖြစ်သော Mr.João Dutra က အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။

“အခုလို Game Dev Challenge ကို ဒုတိယအကြိမ်မြောက်ကျင်းပနိုင်ခဲ့တဲ့အတွက် အထူးဂုဏ်ယူမိပါတယ်။ ဒီပြိုင်ပွဲက မြန်မာနိုင်ငံရဲ့ ဂိမ်းလောကကို တိုးတက်စေချင်တဲ့ အဖွဲ့အစည်းပေါင်းများစွာက လူတွေရဲ့ပူးပေါင်းပါဝင်မှု ရလာဒ်တစ်ခုလည်းဖြစ်ပါတယ်။ ဒီပွဲကျင်းပတဲ့ နှစ်တိုင်းမှာ လူငယ်ပေါင်းရာချီက အားတက်သရောပါဝင်ကြပြီး ၉ရက်တာအတွင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ဂိမ်းတွေကို စိတ်အားထက်သန်စွာနဲ့ ဖန်တီးနေတာကို မြင်တွေ့ရခြင်းက မြန်မာနိုင်ငံမှာရှိတဲ့ နည်းပညာအသုံးပြုမှုတွေဟာ ပိုမိုတိုးတက်လာမယ်ဆိုတဲ့ အလားအလာပါပဲ။”

 

Myanmar Creative Technology College ၏ CEO ဖြစ်သူ ကိုနေမျိုးအောင်ခင် က အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။

“ဖန်တီးရာမှာ ပြုလုပ်နေတဲ့ Game Dev Challenge က ဂိမ်းတီထွင်ထုတ်လုပ်မှုကို စိတ်အားထက်သန်နေတဲ့ Developer တွေအတွက် အခွင့်အရေးအသစ်တွေကို ယူဆောင်လာတဲ့ပွဲပါ။ အဲဒါအပြင် မြန်မာနိုင်ငံက လေ့လာသင်ယူနေဆဲဖြစ်တဲ့ ကျောင်းသူကျောင်းသားတွေ၊ Developer တွေက သူတို့ရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ အကောင်းဆုံးပွဲဖြစ်ပါတယ်။”  

 

Save in your brain မှ Chief Operating Officer ဖြစ်သူ ကိုကျော်ဇင် မှလည်း အောက်ပါအတိုင်း ပြောကြားသွားခဲ့ပါသည်။ “ ဒီပွဲကနေတဆင့် ကျွန်တော်တို့ save in your brain အနေနဲ့ game developer တွေပိုများလာဖို့ တအားမျှော်လင့်ပါတယ်။ ကြိုးစားနေတဲ့ လူငယ်တွေကိုတွေ့ရတာလည်း မင်္ဂလာပါပဲ။ Game developer community တနှစ်အတွင်းမြန်မြန်ကြီး တိုးတက်လာတာကိုတွေးမိတိုင်း ဝမ်းသာရပါတယ်။ ဒီနှစ်ဆိုရင် ဒါဟာ ဒုတိယအကြိမ်မြောက် စည်ကားသိုက်မြိုက်စွာကျင်းပဖြစ်တဲ့ပွဲပါ။ ပွဲလုပ်ဖြစ်သွားတာကတော့ ကျွန်တော်တို့ရော Phandeeyar ရောက tech community ကို supporting ပေးချင်တယ်လေ။ဒါကြောင့်လို့လည်း MCTC နဲ့ ဖန်တီးရာတို့နှင့်အတူ ကျွန်တော်တို့ save in your brain တို့အတူတကွ ကျင်းပခဲ့ကြတာပါ။ ကျွန်တော်တို့အနေနဲ့ အခုဒီလိုမျိုး community နဲ့ဆိုင်တဲ့ event တွေကိုလည်း ဆက်လုပ်သွားအဦးမှာပါ။”


ယခုပွဲတွင်အနိုင်ရရှိသော အသင်းများမှာ

 

ဆု အသင်းအမည်
ပထမ “FPS” အသင်း
ဒုတိယ “H2M2” အသင်း
တတိယ “UniDev” အသင်း
People’s Choice “FPS” အသင်း

တို့ ဖြစ်ကြပါသည်။

 

ယခု အနိုင်ရရှိသော အသင်းများအနက် ပထမ နှင့် ဒုတိယအသင်းများကို MCTC မှ ဆရာများနှင့်ပူးပေါင်းပြီး တစ်လအတွင်း အရည်အသွေးပြည့်မီသော ဂိမ်များအဖြစ် ထွက်ပေါ်လာစေရန်  အကောင်းဆုံး ကူညီထောက်ပံ့ပေးမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် အပြီးသတ် ထွက်ပေါ်လာရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။